အိန္ဒိယတောင်ပိုင်း ဘန်ဂလိုးမြို့မှာ သေဆုံးခဲ့တဲ့ ကိုဗစ်နိုင်တင်းလူနာတစ်ဦးကို ကုမပေးဘဲ ငြင်းဆန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ဆေးရုံ ၉ ရုံကို အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။ အသက် ၅၂ နှစ်အရွယ် ဘာဝါလာလ် ဆူဂျာနီ သေဆုံးရမှုဖြစ်ပြီး သူမသေခင် သူ့မိသားစုဟာ ဆေးရုံ ၁၈ ရုံထိ ရောက်ခဲ့ပေမယ့် ကုမပေးဘဲ ငြင်းလွှတ်ခံခဲ့ရတယ်လို့ သတင်းထွက်နေပါတယ်။

ဘာဝါလာလ်မှာ ကိုဗစ်နိုင်တင်းရောဂါလက္ခဏာတွေ ပေါ်လာတဲ့အတွက် ညီဖြစ်သူ ဒီနဲရှ် ဆူဂျာနီက စကူတာဆိုင်ကယ် ပေါ်တင်ပြီး အိမ်ကနေ သုံးမိုင်လောက်ဝေးတဲ့ ဘက်ဂ်၀န် မဟာဗီရာဆေးရုံဆီ ပို့ပေးခဲ့ပါတယ်။ သွေးခုန်နှုန်းနှေးပြီး အသက်ရှူရခက် အော့အန်နေကြောင်း ဒီနဲရ်ှက ပြောပြတော့ ဆေးရုံထဲခေါ် ဓာတ်မှန်ရိုက်ပြီး ပြန်ခေါ်သွားခိုင်းတယ်လို့ ဆိုပါတယ်။ ဒီနဲရ်ှက လူနာတင်ကားတစ်စီးပေါ် အကိုကိုရအောင်တင်ပြီး တခြားဆေးရုံဆီ ခေါ်သွားပါတယ်။

ဒါပေမယ့် အဲဒီဆေးရုံကလည်း ဆေးရုံတင်ကုပေးဖို့ ငြင်းတဲ့အတွက် နောက်ထပ်ဆေးရုံတွေ တစ်ရုံပြီးတစ်ရုံ ပို့ခဲ့ပေမယ့် အစိုးရဆေးရုံတွေကော ပုဂ္ဂလိကဆေးရုံတွေကပါ လက်ခံကုသမပေးခဲ့ဘူး ဆိုပါတယ်။

သူတို့မိသားစုဟာ ဆေးရုံ ၁၈ ရုံဆီ ကိုယ်တိုင် ရောက်ခဲ့ပြီး တခြားဆေးရုံ ၃၂ ရုံကို ဖုန်းဆက်ခဲ့တယ်၊ တစ်မြို့လုံး ကီလိုမီတာ ၁၂၀ လောက် ခေါက်တုံ့ခေါက်ပြန်သွားခဲ့ရတယ်လို့ ကွယ်လွန်သူ ဘာဝါလာလ်ရဲ့ သားငယ် ဗစ်ခရမ်က ဒေသခံသတင်းစာတစ်စောင်ကို ပြောဆိုခဲ့ပါတယ်။ဘာဝါလာလ်ရဲ့အဖြစ်ဟာ အိန္ဒိယမှာ အခု ရိုးနေတဲ့ကြေကွဲဖွယ် ဇာတ်လမ်းတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်လက္ခဏာနဲ့တူတဲ့ ဝေဒနာတွေခံစားရတဲ့လူနာတွေဟာ မကြာခဏဆိုသလို ဆေးရုံတွေက ကုသပေးဖို့ ငြင်းဆန်ခံရတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဘာဝါလာလ်ကိစ္စနဲ့ပတ်သက်လို့ ဘန်ဂလိုးမြို့တည်ရာ ကာနတ်တာကာပြည်နယ်က ဆေးရုံ ၉ ရုံကို စုံစမ်းမေးမြန်းနေပြီး ပုဂ္ဂလိကဆေးရုံတွေလည်း ကိုဗစ်လူနာနဲ့ ကိုဗစ်သံသယရှိလူနာတွေကို ကုသပေးဖို့ ငြင်းဆန်ခွင့်မရှိဘူးလို့ ပြည်နယ်ကျန်းမာရေးမင်းကြီး ပန်ကက်ဂ်ျကူးမားပန်ဒီးက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဆေးရုံတွေမှာလည်း လူနာတွေပြည့်လျှံနေပါတယ်။ ဘာဝါလာလ်ရောက်လာချိန်မှာ ဆေးရုံက ကိုရိုနာရောဂါသည်တွေအတွက် သီးသန့်ထားတဲ့ ကုတင် ၄၅ လုံးစလုံး ပြည့်နှက်နေတာလို့ ဘက်ဂ်၀န် မဟာဗီရာဆေးရုံက ဒေါက်တာ နီရှန့် ဟီရီမက်က ပြောဆိုခဲ့ပါတယ်။ဘာဝါလာလ့်မိသားစု စွပ်စွဲသလို ကုပေးဖို့ငြင်းခဲ့တာတော့မဟုတ်ဘဲ ဘာဝါလာလ်ကို အောက်ဆီဂျင်ပေးပြီး စောင့်ရှောက်မှုပေးခဲ့တယ်၊ သူတို့သိတဲ့နေရာတစ်နေရာရာမှာ အာခေါင်တို့ဖတ်ယူစမ်းသပ်ဖို့လည်း ပြောခဲ့တယ်၊ အစိုးရဆေးရုံတစ်ရုံရုံ သွားဖို့လည်း အကြံပေးခဲ့တယ်လို့ ဒေါက်တာ ဟီရီမက်က ပြောပါတယ်။

ပြည်နယ်မှာ ကိုဗစ်လူနာတွေ့ရှိမှု မြင့်တက်နေတာက ပြသနာရဲ့အစိတ်အပိုင်းပါ။ အိန္ဒိယမှာ မေလကုန် လော့ဒေါင်းပြန်ဖြည်ချိန်ကစလို့ လူနာသစ်တွေ့မှု များလာနေပါတယ်။ ဇွန်လ ၈ ရက်တစ်ရက်ထဲ ကာနတ်တာကာပြည်နယ်မှာ လူနာသစ် ၃၀၈ ဦးတွေ့ပြီး ၆၄ ဦး သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်မှာတော့ လူနာသစ် ၁၂၇၂ ဦး၊ သေဆုံး ၂၅၃ ဦးနဲ့ စံချိန်သစ် တင်ခဲ့ပါတယ်။ အဲဒီကာလ ဘန်ဂလို တစ်မြို့တည်းမှာတင် လူနာသစ်တွေ့မှုက ၁၈ ဦးကနေ ၇၃၂ ဦးအထိ ခုန်တက်ခဲ့တာပါ။

ပြည်နယ်အစိုးရအနေနဲ့ ပုဂ္ဂလိဆေးရုံတွေကနေ ကိုဗစ်လူနာတွေအတွက် ကုတင် ၇၀၀၀ ကနေ ၇၅၀၀ ထပ်ထားပေးဖို့ ညှိနှိုင်းထားပါတယ်။ ဒါမှ လူဦးရေ ၆၄ သန်းရှိတဲ့ပြည်နယ်မှာ ကိုဗစ်လူနာတွေအတွက် ကုတင် ၁၀၀၀၀ စွန်းစွန်း ရလာမှာပါ။ ဒါပေမယ့် ဇူလိုင်ကနေ သြဂုတ်အတွင်း ကိုဗစ်လူနာအများဆုံးဖြစ်လာနိုင်ခြေမှာ ကုတင်လုံလောက်ပါ့မလားလို့ စိုးရိမ်နေကြပါတယ်။

ဆေးရုံတင်ဖို့လိုအပ်တဲ့လူနာ ဦးစားပေးရွေးချယ်ဖို့က အကြောင်းတစ်ခုဖြစ်လာပြီး ရောဂါလက္ခဏာ အလယ်အလတ်ပြသူ အများစုက အိမ်မှာပဲနေရမယ်၊ အိမ်မှာ သီးသန့်အခန်းမရှိရင်တော့ ဆေးရုံကိုခေါ်ထားဖို့ တွေးတောနေကြရပါတယ်။

ကိုဗစ်လူနာတွေအတွက် အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍနှစ်ရပ်စလုံးက ရနိုင်တဲ့ ကုတင်အရေအတွက်ကို အသိပေးမယ့် အရေးပေါ်လိုင်းတစ်ခုလည်း စီစဉ်ထားဖို့ လိုအပ်ပြီး လူနာတွေ ဆေးရုံရောက်ပြီးမှ ကုတင်မရလို့ တခြားဆေးရုံပြောင်းရတာမျိုး မဖြစ်အောင် စီမံရမယ်လို့ ကြံဆနေကြရပါတယ်။

Credit : SBM

Leave a Comment

Your email address will not be published. Required fields are marked *