ကုန်လွန်သွားတဲ့ ဇွန်လအတွင်း အမေရိကန်ပြည်နယ် ၁၄ ခုမှာ ကိုဗစ်နိုင်တင်း အတည်ပြုလူနာ နှစ်ဆကျော် တိုးခဲ့တယ်လို့ သိရပါတယ်။

အာရီဇိုးနား၊ တောင်ကာရိုလိုင်းနားနဲ့ အာကန်ဆောပြည်နယ်တွေမှာ လူနာသစ်တွေ့ရှိမှု အများဆုံး ခုန်တက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးစည်းမျဉ်းတွေအတိုင်း လိုက်နာဖို့ အမေရိကန်ထိပ်တန်းဆရာ၀န်တွေက တိုက်တွန်းလိုက်ပါတယ်။

ကျန်းမာရေးဌာနက ထောက်ခံထားတဲ့စည်းမျဉ်းတွေကို မလိုက်နာရင် အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်ကို ကိုဗစ်လူနာသစ် တစ်သိန်းနဲ့ သေဆုံးမှုအများအပြား ဖြစ်လာတာ မြင်ရနိုင်တယ်လို့ နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ဒေါက်တာ အန်တိုနီဖော်ချီက သတိပေးလိုက်ပါတယ်။

ကမ္ဘာတ၀န်းမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၀ သန်း ၄ သောင်းကျော် ဖြစ်လာပြီး ၅ သန်း ၃ သိန်းကျော် ပြန်ကောင်းလာတယ်၊ ၅ သိန်း ၁ သောင်းနီးပါး သေဆုံးခဲ့ရတယ်လို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်စာရင်းအရ သိရပါတယ်။

အာရီဇိုးနားပြည်နယ်က လူနာသစ်တွေ့နှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၉၄ ရာခိုင်နှုန်းအထိ မြင်မားခဲ့ပါတယ်။ တောင်ကာရိုလိုင်းနားပြည်နယ်က ရာခိုင်နှုန်း ၂၀၀၊ အာကန်ဆောပြည်နယ်က ၁၇၉ ရာခိုင်နှုန်းအသီးသီး တိုးတက်ခဲ့ပါတယ်။ WHO သတ်မှတ်ချက်က လူနာသစ် ၅ ရာခိုင်နှုန်းတိုးလာရင်ပဲ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

#remdesivirနဲ့_တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်လူနာတွေကို remdesivir ဆေးဝါးနဲ့ စတင်ကုသနေပါပြီ။ remdesivir ဆေးဟာ အီဘိုလာရောဂါကုသဖို့ ဖော်စပ်ခဲ့တဲ့ဆေးဖြစ်ပြီး ကိုဗစ်ရောဂါကြောင်း အလွန်အမင်းဖျားနာတဲ့လူနာတွေကို စမ်းသပ်ကုသရာမှာ အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။

Remdesivir ထုတ်လုပ်တဲ့ Gilead Sciences နဲ့ တောင်ကိုရီးယား ရောဂါထိန်းချုပ်တားဆီးရေးဗဟိုဌာနတို့အကြား သဘောတူညီချက်တစ်ရက် လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

#မြောက်ကိုရီးယား
မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်နိုင်တင်းဓာတ်ခွဲစစ်ဆေးမှု ၉၂၂ မှုသာ လုပ်ရသေးတယ်လို့ WHO က ပြောဆိုခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်အထိ မြောက်ကိုရီးယားမှာ ကိုဗစ်နိုင်တင်း စမ်းသပ်စစ်ဆေးမှုကို လူ ၉၂၂ ဦးအပေါ် ပြုလုပ်ခဲ့ပြီး အားလုံးမှာ ဗိုင်းရပ်စ်ပိုးမတွေ့ရကြောင်း မြောက်ကိုရီးယားဆိုင်ရာ WHO ကိုယ်စားလှယ် အက်ဒ်၀င် ဆာလ်ဗာဒိုက လူသိရှင်ကြား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *