ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ လက်ဝါးချင်း ရိုက်ထားတဲ့ ကိစ္စတခု ပေါ်လာပြန်ပြီ (တော်တော် တတ်နိုင်ကြတဲ့ လူတွေပါပဲ)

တရုပ်သမ္မတ ရှီဟာတရုပ်နည်းပညာကုမ္ပဏီတွေ အပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ ထရမ့်ကို မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်လို့ အမေရိကန်လုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘော်တန်ရဲ့အတွင်းရေးတွေဖွင့်ချထားတဲ့စာအုပ်ထဲမှာရေးသားထားပါတယ်။

“ဒီအခန်းထဲမှာဖြစ်ခဲ့သမျှ” ( The Room Where It Happened ) လို့နာမည်ပေးထားတဲ့ သူ့ရဲ့စာအုပ်ထဲမှာ ” ရှီဟာ ၂၀၁၈ မေလနဲ့ ၂၀၁၉ ဇွန်လတွေထဲမှာ ထရမ့်နဲ့ဖုန်းပြောရင်းကနေ ဟွာဝေးနဲ့ ZTE ကုမ္ပဏီတွေအပေါ်ထားရှိတဲ့ ဆန်ရှင်တွေကို ထရမ့်အနေနဲ့ လျော့ပေါ့ပေးမယ်ဆိုရင် သူ့အနေနဲ့ ကျေးဇူးကြွေးတွေတင်နေတော့မှာဖြစ်လိမ့်မယ်ဆိုပြီး ကုမ္ပဏီတွေအကြောင်းစဆွေးနွေးခဲ့တယ် ”

၂၀၁၉ တုန်းကဂျပန်နိုင်ငံအိုဆာကာမှာကျင်းပခဲ့တဲ့ G20 summit တုန်းကလည်းရှီဟာ ကုန်သွယ်ရေးနဲ့ တိုင်ဝမ်ကိစ္စတွေပြောကြရာမှာ ဗာဆိုင်းစာချုပ်ကြောင့် တရုပ်တွေအရှက်ရစေခဲ့ဖူး တဲ့အကြောင်း ပြောပြခဲ့ပါတယ် (၁၉၁၉ ခုနှစ် ပဲရစ်မှာရေးဆွဲခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးပြီးဆုံးကြောင်း ဗာဆိုင်းစာချုပ်မှာ တရုပ်တို့ဟာ ဂျာမန်တွေသိမ်းပိုက်ခဲ့တဲ့ တရုပ်ပြည်အရှေ့ပိုင်းက ရှန်ဒေါင် ဒေသကို ဂျပန်အုပ်ချုပ်ရေးဒေသအဖြစ် ပေးထားခဲ့လို့ လက်မှတ်ထိုးဖို ့ငြင်းခဲ့ကြတယ်ဆိုတဲ့အကြောင်းကိုပြောပြတာပါ)

G20 အစည်းအဝေးအပြီး တစ်နှစ်အကြာ မေလ ၈ရက်နေ့ ည၈နာရီခွဲလောက်မှာ ရှီနဲ့ထရမ့်ဟာ ဖုန်းပြောခဲ့ကြပါတယ် အဲ့ဒိနေ့ကဖုန်းစကားပြောကြတဲ့အထဲမှာ တရုပ်သမ္မတ ရှီဟာ အမေရိကန်ကုန်သွယ်မှုဌာနက တရုပ် ZTE ကုမ္ပဏီ အပေါ် အီရန်နဲ့ ဆက်ဆံလို့ဆိုပြီးပိတ်ပင်ထားတာတွေကို စပြောခဲ့တယ် သမ္မတထရမ့်ရဲ့ ကန့်သတ်မှုတွေဟာ ပြင်းထန်လွန်းရုံမကဘူး ရက်စက်ရာကျနေတယ်လို့ ပြောခဲ့ကြောင်း စာအုပ်ထဲမှာရေးထားပါတယ်။

ထရမ့်ဟာ အမေရိကန်ကုန်သွယ်ရေးအတွင်းရေးမှူးကို တရုပ်အတွက် တစ်ခုခုလုပ်ပေးဖို့ပြောခဲ့ပြီးပြီဖြစ်တဲ့အကြောင်း ရှီကိုပြောခဲ့ပါသေးတယ်လို့ ဘော်တန်ကရေးထားပါတယ် ရှိက ပြောလိုက်ပါသေးတယ် တကယ်လို့များ ဒီကိစ္စလေးဖြစ်မြောက်သွားရင် သူ့အနေနဲ့ သမ္မတကြီးထရမ့်အပေါ်အကြွေးတင်နေတော့မှာပဲ လို့ဆိုတဲ့အခါ ထရမ့်က ခင်ဗျားမို့လို့လုပ်ပေးတာနော် လို့ချက်ခြင်းပြန်ပြောပါတယ် ဆိုတဲ့အကြောင်းကိုလည်း ထည့်ရေးထားပါသေးတယ်။ ဖုန်းပြောတဲ့ ညအပြီးနောက်တစ်ပါတ်မတိုင်ခင် မေလ၁၃ရက်နေ့ ရောက်တော့ ထရမ့်က သူနဲ့ ရှီဟာ ZTE ကို အမြန်ဆုံးအလုပ်ပြန်စနိုင်ဖို့ အတူတကွ လုပ်ဆောင်နေကြပါတယ် ဘာလို့လည်းဆိုတော့ တရုပ်ပြည်မှာ အလုပ်အကိုင်တွေအရမ်းရှားပါးနေပြီဖြစ်လို့ပါဆိုပြီး တွစ်တာမှာ ရေးသားခဲ့တယ် ဇူလိုင်လရောက်တော့ ZTE အပေါ်ချမှတ်ထားတဲ့ ဆန်ရှင်တွေ ရုပ်သိမ်းခဲ့တာပါပဲ။

ထရမ့်ကတော့ ဘော်တန်ရဲ့စာအုပ်ဟာ အလိမ်အညာတွေ နဲ့ဇာတ်လမ်းဆင်ထားတာလို့ပြောနေပါတယ် ပုံပြင်ဆန်ဆန်နဲ့ အသေးစိတ်တွေ ရေးသားထားတဲ့ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်းကြီး ဘော်တန်ရဲ့စာအုပ်မှာ တရုပ်တွေနဲ့တံခါးပိတ်ဆွေးနွေးတာတွေ ခုတစ်မျိုးတော်ကြာတစ်မျိုးပေါ်လစီတွေအကြောင်းကိုလည်း ဖြတ်ကနဲဖြတ်ကနဲဆိုသလို ထည့်ရေးပြထားတာတွေ့ရပါတယ်။

ဒီစာအုပ်မှာထရမ့်ရဲ့ သံတမန်ရေးဆက်ဆံမှုဟာ ရှီအပါအဝင် နိုင်ငံတကာကခေါင်းဆောင်တွေအပေါ်ပုဂ္ဂိုလ်ရေးအရ အလွန်အမင်း မှီခိုလွန်းတယ် ဒါကြောင့်အပြန်အလှန်တွေ ဖြစ်လာပြီး တရုပ်သမ္မတဆိုရင်အရေးကြီးကိစ္စတွေမှာ သူ့ကိုတိုက်ရိုက်ဆက်သွယ်တောင်းဆိုတာတွေ လုပ်လာတယ်လို့ဖော်ပြရေးသားထားပါတယ် ​ ၂၀၁၈ မေလတုန်းကဆိုရင်လည်း ရှီနဲ့ ကုန်သွယ်ရေးကိစ္စ ဖုန်းပြောကြတာမှာ ထရမ့်က သူ(အမေရိကန်)ဟာ အီရန်နျူကလီးယား သဘောတူညီချက်ကနေထွက်တော့မယ် ကျုပ်ဘာတွေထည့်ကြေငြာချက်ထုတ်မယ်ဆိုတာ သိချင်သလား ဆိုပြီးကလေးကလားဆန်ဆန်တွေ ပြောခဲ့ပါတယ်။

ရှီကျင့်ဖျင်အပေါ် ယုံကြည်တယ်ဆိုတဲ့ အသံပြုလိုက်တဲ့ ပုံစံမျိုးပေါ့ ရှီကလည်း လုပ်စမ်းပါဦး ပေါ့ ထရမ့်က ကျုပ် အီရန်နျူကလီးယားသဘောတူညီချက်ကနေထွက်တော့မယ် အတော်ဆိုးတယ်ဗျာ ဘာဖြစ်မလည်းကြည့်ကြတာပေါ့ လို့ပြန်ပြောတယ် ရှီက သူဘယ်သူ့မှပြန်မပြောပါဘူးလို့ ပြောခဲ့တယ် ဆိုပြီး ရေးသားထားပါတယ် တရုပ်နိုင်ငံခြားရေးဌာနကထုတ်ပြန်ကြေငြာတဲ့အထဲမှာ သမ္မတ၂ယောက်ဟာ ကုန်သွယ်ရေး နဲ့ကိုရီးယားကျွန်းဆွယ်အရေး အကြောင်းဆွေးနွေးခဲ့ကြတယ်လို့ပဲ ထုတ်ပြန်ပါတယ် အီရန်ကိစ္စကိုမဖော်ပြခဲ့ပါဘူး။

၂၀၁၈ ဇွန်လ ၁၈ရက်နေ့က G20 အစည်းအဝေး မတိုင်ခင် မှာရှီက အမေရိကန်ရဲ့ ဆန်ရှင်ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး အတော်လေးကန့်ကွက်ပြောဆိုခဲ့ပါတယ် ဟွာဝေးကုမ္ပဏီကို လုံခြုံရေးအကြောင်းပြချင်တာနဲ့ မဆက်ဆံကြဖို့ ပိတ်ပင်မှုတွေ အတွက်ဖြစ်ပါတယ် လို့ရေးထားပြီး ရှီက ဒီကိစ္စကိုမှန်မှန်ကန်ကန်မကိုင်တွယ်ရင် ဟွာဝေးကိစ္စဟာ နှစ်ဖက်ဆက်ဆံရေးတွေပျက်ပြားလာလိမ့်မယ်ဆိုပြီး သတိပေးပါတယ် ဟွာဝေးဟာ အလွန်အမင်းထူးခြားတဲ့ကုမ္ပဏီဖြစ်ပြီး Qualcomm /Intelကုမ္ပဏီ စတာတွေနဲ့ တောင်အရေးပါတဲ့ဆက်ဆံရေးတွေရှိနေတဲ့ကုမ္ပဏီဖြစ်တယ်လို့ ကြွားလုံးတွေသန်ပြီးပြောခဲ့ပါတယ် တဲ့။

ရှီက ဟွာဝေးအပေါ်ထားတဲ့ဆန်ရှင်တွေကို ရုပ်သိမ်းပေးစေချင်တယ် ထရမ့်နဲ့သူ ဒီကိစ္စကိုနှစ်ယောက်ချင်း လုပ်ချင်ပါတယ် ထရမ့်ကလည်းလိုလိုလားလားပါပဲဆိုပြီးပြောခဲ့တယ်လို့ ဘော်တန်ကရေးသားထားပါတယ် တရုပ်နိုင်ငံခြားရေးဟာ ရှီရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာထုတ်ပြန်ရာမှာတော့ တရုပ်သမ္မတဟာ နှစ်ဖက်စလုံးရဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးကိစ္စပူပန်မှုတွေအပေါ်မှာ အပြန်အလှန်စဉ်းစားကြဖို့နဲ့ အမေရိကန်အနေနဲ့ တရုပ်ကုမ္ပဏီတွေအပေါ်မှာမျှမျှတတဆက်ဆံဖို့ တရုပ်အနေနဲ့မျှော်လင့်တယ်လို့ သာဖော်ပြခဲ့ပါတယ်။

သိပ်အဆင်ပြေတဲ့ ဖုန်းဆက်စကားပြောခြင်းပါပဲလို့ ထရမ့်က တွစ်တာမှာရေးခဲ့ပြန်ပါတယ် G20 အပြီး တစ်ပါတ်အကြာမှာ ဟွာဝေးကို ပစ္စည်းတွေစရောင်းပါတယ် အိုဆာကာ G20မှာတုန်းကရှီဟာ ထရမ့်ကိုတိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြယ်နိုင်ကြောင်းသတိပေးခဲ့ပြီး တိုင်ဝမ်ဟာ တရုပ်ရဲ့အချုပ်အခြာနေရာဖြစ်တယ်လိုပြောခဲ့ပါတယ် ရှီက ထရမ့်ကို ဒီကိစ္စအပေါ် ပုဂ္ဂိုလ်ရေးအရစိတ်ပါဝင်စားမှုရှိကြောင်းပြစေချင်ပြီး မှတ်ချက်ပြုစေချင်ပုံရသလို ရှောင်ထွက်မသွားစေချင်ပုံရပါတယ်လို့ ဘော်တန်က ရေးထားပါတယ်။

တိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကို အမေရိကန်မလာစေဖို့ တိုင်ဝမ်ကိုလက်နက်မရောင်းဖို့ တိုင်ဝမ်ရေလက်ကြားကို တည်ငြိမ်မှုရှိစေဖို့ စတာတွေနဲ့ပတ်သက်ပြီး ဖောက်ဖျက်မှုတွေရှိခဲ့တဲ့ အကြိမ်တိုင်းအပေါ်မှာ တရုပ်ဟာအမြဲတမ်းဒေါသထွက်ခဲ့ရတယ်လို့လည်းရှီက ပြောခဲ့ပါတယ် ထရမ့်ကတော့ တိုင်ဝမ်နဲ့ပတ်သက်တဲ့မှတ်ချက်တွေအပေါ် သိပ်စိတ်မပါပါဘူး ဘာလို့ဆိုတော့ ဆီးရီးယားမြောက်ပိုင်းက ကုဒ်သူပုန်တွေအပေါ် စစ်ရေးကူညီနေတာတွေကိုအမေရိကန်ကရုပ်သိမ်းလိုက်ပြီးရင်တော့ တိုင်ဝမ်ဟာ ထရမ့်အစိုးရကလက်တွဲဖြုတ်မယ်ဆိုဖြုတ်နိုင်ချေရှိတဲ့ထိပ်ဆုံးကစာရင်းဝင်နိုင်ငံဖြစ်နေလို့ပါပဲ လို့ဘော်တန်ကရေးသားပါတယ်

စာရေးသူ မှတ်ချက်။ ရေးသားတာတွေကို မှန်တယ်မမှန်ဘူးဆိုတာထက် ဘယ်အစိုးရအဖွဲ့မှာမဆို ဘယ်ခေါင်းဆောင်တွေမှာမဆို ဘယ်သူမဆို အကြိတ်အခဲတွေနဲ့အဆင်မပြေတာတွေရှိလာရင် အကုန်ဖွင့်ချမယ်ဆိုတဲ့ လူ့မနောကိုထုတ်ပြတဲ့ စာအုပ်ပါပဲလို့ ပြောချင်တာပါပဲ အခြွေအရံတွေနဲ့နေသူတွေသတိထားကြပေါ့။

Pi Lon

Leave a Comment

Your email address will not be published. Required fields are marked *