ရုရှားရဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး Sputnik V အစောပိုင်း နှစ်ရက်တာစမ်းသပ်မှုမှာ ပါဝင်ကြသူအားလုံးဟာ ပဋိပစ္စည်း တုန့်ပြန်မှု ရှိခဲ့ပြီး အခြေအနေကောင်းမွန်ခဲ့တယ်လို့ ကမ္ဘာ့သက်တမ်းရင့် ဆေးပညာဂျာနယ်တစ်စောင်ဖြစ်တဲ့ The Lancet က ဖော်ပြခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက်ထုတ် The Lancet က ဇွန်နဲ့ဇူလိုင်အတွင်း Sputnik V စမ်းသပ်မှုမှာပါဝင်သူ ၇၆ ဦးစလုံးဟာ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ ပဋိပစ္စည်းတုန့်ပြန်မှုတွေ ရရှိခဲ့ပြီး ကြီးမားတဲ့ ဘေးထွက်သက်ရောက်မှု မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

၄၂ ရက်တာ စမ်းသပ်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ရာမှာ တစ်ကြိမ်ကို ကျန်းမာသန်စွမ်းတဲ့လူကြီး ၃၈ ဦးစီ ပါဝင်ကြပြီး ဘယ်သူ့မှာမှ ပြင်းထန်တဲ့ ဘေးထွက်သက်ရောက်မှုမရှိဘဲ ဆေးကြောင့် ပဋိပစ္စည်းတုန့်ပြန်မှုရှိတာ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေရှည်ဘေးကင်းလုံခြုံဖို့နဲ့ ကိုဗစ်ရောဂါကူးစက်မှုကိုတားဆီးနိုင်တဲ့ ကာကွယ်ဆေးအဖြစ် သက်ရောက်မှုရှိကြောင်း ထုတ်ပြန်ဖို့တော့ ကာလကြာရှည်စမ်းသပ်မှုနဲ့ နောက်ထပ် စောင့်ကြည်မှုတွေလိုတယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၃ ရက်တုန်းက ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ရုရှားဟာ ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာမှာ ပထမဆုံး တရားဝင် အတည်ပြုလိုက်တဲ့နိုင်ငံဖြစ်လာပြီလို့ ထုတ်ပြန်ခဲ့ပြီး ဒီအပေါ်မှာ သံသယရှိခဲ့ကြပါတယ်။

ဆိုဗီယက်ယူနီခေတ်က ပထမဆုံးလွှတ်တင်ခဲ့တဲ့ဂြိုဟ်တုနာမည် Sputnik V ကို ရယူထားတဲ့ ကိုဗစ်ကာကွယ်ကုသဆေးဟာ လူထောင်ချီပါဝင်ပြီး ကျယ်ပြန့်စွာစမ်းသပ်ရတဲ့ တတိယဆင့် စမ်းသပ်ကုသမှု မပြီးဆုံးသေးလို့ မသုံးသင့်သေးဘူးလို့ ကျမ်းမာရေးကျွမ်းကျင်သူတစ်ချို့က သုံးသပ်ခဲ့ကြပါတယ်။

“ အခုအခါမှာတော့ အစောပိုင်းစမ်းသပ်ချက်ရလာဒ်တွေကို နိုင်ငံတကာက အထက်တန်းကျကျသုံးသပ်တတ်တဲ့ ဆေးပညာဂျာနယ်တစ်စောင်က ပထမမဆုံးဖော်ပြလိုက်တာပါ၊ ပြီးခဲ့တဲ့အပတ်ကလည်း လူ ၄၀၀၀၀ ပါဝင်တဲ့ စမ်းသပ်ကုသမှု စတင်ခဲ့တယ်” လို့ ရုရှားအရာရှိကြီးတစ်ဦးက ပြောဆိုခဲ့ပါတယ်။

အနောက်တိုင်းက လွန်ခဲ့တဲ့သုံးပတ်အတွင်း ဝေဖန်မှုတွေဟာ Sputnik V ရဲ့ ဂုဏ်သတင်းညှိုးမိန်အောင်လုပ်တာဖြစ်ပြီး အခုတော့ The Lancet ဂျာနယ်က အဖြေပေါ်ပြလိုက်ပြီလို့ ဆေးကို ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုရန်ပုံငွေဘုတ်အဖွဲ့ အကြီးအကဲ ကီရီလ် ဒမီထရီယက်ဗ်က ပြောဆိုခဲ့ပါတယ်။အခုတော့ အနောက်တိုင်းဆေးတချို့နဲ့ ပတ်သက်လို့ မိမိတို့မေးခွန်းစထုတ်ရတော့မယ်လို့လည်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကစတဲ့ Sputnik V ဆေးကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မယ့်ကိစ္စမှာ အနည်းဆုံး လူ ၃၀၀၀ လောက် ပါဝင်ဖို့ စာရင်းပေးပြီးပြီ၊ ကနဦးရလာဒ်တွေကို အောက်တိုဘာ နိုဝင်ဘာလောက်မှာ ထုတ်ပြန်ဖို့ မျှော်လင့်ထားတယ်လို့လည်း ကီရီလ်က ပြောခဲ့ပါတယ်။

Sputnik V ကနဦးရလာဒ်ကောင်းတွေအတွက် အားပေးပေမယ့် ပါဝင်တဲ့လူအရေအတွက် နည်းတယ်လို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် နိုင်ငံတကာကာကွယ်ကုသဆေးအသုံးပြုမှု ဗဟိုဌာနမ ဦးဆောင်စာရေးဆရာ ဒေါက်တာ နာအော် ဘာဇီးဗ်က မှတ်ချက်ပေးခဲ့ပါတယ်။

အခုအထိ ကိုဗစ်နဲ့ပတ်သက်လို့ ထိရောက်တဲ့ ဆေးရုံဆေးခန်း စမ်းသပ်မှုမျိုး မမြင်မိသေးပါဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ရုရှားဟာ အခုနှစ်ကုန်ကစပြီး ကိုဗစ်ကာကွယ်ဆေး တစ်လကို ၁ ဒဿမ ၅ သန်းကနေ ၂ သန်းခွဲလောက် ထုတ်လုပ်နိုင်ဖိုနဲ့ တစ်လကို ခြောက်သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *