ပါကစ္စတန်လေယာဉ်မှူးတချို့ဟာ လေယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားသူတွေဖြစ်တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာပြီးနောက် ဗီယက်နမ်နိုင်ငံက သူ့လေကြောင်းလိုင်းတွေမှာ ပါကစ္စတန်လေယာဉ်မှူးအားလုံးကို လေယာဉ်ပျံသန်းခွင့် ရပ်ဆိုင်းထားလိုက်ပါတယ်။

ဗီယက်နမ်မှာ လိုင်စင်ရ ပါကစ္စတန်လေယာဉ်မှူး ၂၇ ဦး ရှိနေပြီး ဒီအထဲက ၁၂ ဦးဟာ လက်ရှိ ကန်ထရိုက်စာချုပ်နဲ့ ငှားရမ်းအသုံးပြုနေဆဲ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ကိုဗစ်နိုင်တင်းအကျပ်အတည်းကြောင့် လေကြောင်းပျံသန်းမှုအများစု ဆိုင်းငံ့ထားရချိန်မှာ အလုပ်လက်မဲ့ဖြစ်နေပါတယ်။ အခုတော့ စာချုပ်သက်တမ်းရှိတဲ့ ပါကစ္စတန်လေယာဉ်မှူးတွေပါ ဗီယက်နမ်က လေယာဉ်ပျံသန်းခွင့် မပေးတော့ပါဘူး။

ပါကစ္စတန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ပျက်ကျမှုတစ်ခုကို စုံစမ်းစစ်ဆေးရာက ပါကစ္စတန်လေယာဉ်မှူး ၂၆၂ ဦးဟာ လေယာဉ်မောင်းလိုင်စင်တု ကိုင်ဆောင်သူတွေဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာကို လေယာဉ်မှူး ၁၀၀ ကျော် ပျံသန်းခွင့် ဆိုင်းငံ့ခံထားရပြီးလေယာဉ်မောင်းလိုင်စင်တွေကို ပြန်လည်စစ်ဆေးနေပါတယ်။

စီးပွားရေးဖွံ့ဖြိုးလာတဲ့ ဗီယက်နမ်နိုင်ငံမှာ လေကြောင်းသွားလာမှုလည်း တိုးတက်လာပြီး လေကြောင်းလိုင်းအများအပြားလည်း ထူထောင်လာပါတယ်။ ဗီယက်နမ်လေကြောင်းလိုင်းတွေမှာ လက်ရှိ လေယာဉ်မှူး ၁၂၆၀ ရှိတဲ့အနက် ထက်၀က်နီးပါးဟာ နိုင်ငံခြားသားလေယာဉ်မှူးတွေ ဖြစ်ကြပါတယ်။

Soruce:CNN

Leave a Comment

Your email address will not be published. Required fields are marked *