အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးအတွက် လှုံ့ဆော်တဲ့ Black Lives Matter ဆောင်ပိုဒ်ဟာ အမုန်းတရားရဲ့သင်္ကေတ လို့ သမ္မတဒေါ်နယ်ထရမ့်က တိုက်ခိုက်ပြောဆိုလိုက်ပါတယ်။

နယူးယောက်စီးတီး၊ ပဉ္စမရိပ်သာလမ်းမှာရှိတဲ့ ထရမ့််တာဝါ အဆောက်အအုံရှေ့ဘက်မှာ Black Lives Matter ဆောင်ပိုဒ်ကို ရေးဆွဲထားဖို့ မြ်ို့ရဲ့ဆုံးဖြတ်ချက်ကို ထရမ့်က ဒေါတသကြီးပြစ်တင်လိုက်တာလည်း ဖြစ်ပါတယ်။

လူဖြူရဲတွေဖမ်းဆီးရင်း လူမဲဂျော့ဖလွိုက်ဆိုသူ သေဆုံးခဲ့ရမှုအတွက် အမေရိကန်တ၀န်းလုံးမှာ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေမှာ ဖိနှိပ်ခံလူမည်းတွေရှင်သန်ရပ်တည်ရေး တောင်းဆိုတဲ့ Black Lives Matter ဆောင်ပိုဒ်က အရေးပါခဲ့ပြီး ပြည်တွင်းပြည်ပက ထောက်ခံမှုတွေ ရရှိထားပါတယ်။

Black Lives Matter ဆောင်ပိုဒ်ကို ပဉ္စမရိပ်သာလမ်းထဲရေးဆွဲထားဖို့ မြို့တော်၀န် ဘီလ်ဒီဘလာစီယိုရဲ့ ဆုံးဖြတ်ချက်ဟာ နယူးယောက်ရဲ့ ဂုဏ်သရေအရှိဆုံး အထက်တန်းလွှာ ရိပ်သာလမ်းကို အပုတ်ချလိုက်တာပဲလို့လည်း ထရမ့်က တွစ်တာပေါ်ရေးတင်ခဲ့ပါတယ်။

ပဉ္စမရိပ်သာလမ်းထဲ ဆောင်ပိုဒ်ရေးခြယ်ထားဖို့ ဆုံးဖြတ်ထားကြောင်း ဒီဘလာစီယိုက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ Black Lives Matter ဆိုတဲ့ စကားလုံးသုံးလုံးအပေါ် လေးစားမှုရှိကြောင်း ဘယ်တုန်းကမှ မပြသခဲ့တဲ့ ဒီသမ္မတကို ဒီသတင်းကြားစေချင်ပါတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ပြောဆိုမှုအပေါ် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းနေတဲ့အုပ်စုတွေက အပြင်းအထန် တုန့်ပြန်ခဲ့ပါတယ်။ `အမုန်းတရားရဲ့သင်္ကေတက သမ္မတထရမ့် ကိုယ်တိုင်ဖြစ်တယ်၊ ထရမ့် အခုလိုပြောလိုက်တာက ကျွန်တော်တို့လူ့အဖွဲ့အစည်း ရင်ဆိုင်နေရတဲ့ လူမှုအခွင့်အရေးပြသနာတွေ၊ ကူးစက်ရောဂါဘေး မူဝါဒ ကျိုးပျက်မှုတွေကနေ အာရုံပြောင်းဖို့နဲ့ အမုန်းတရားတွေဆီ တွန်းပို့ဖို့ မျက်နှာပြောင်တိုက် နောက်ဆုံးကြိုးပမ်းချက်သာ ဖြစ်တယ်´ လို့ နယူးယောက်ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လူမှုအဖွဲ့ပြောခွင့်ရသူ ကာရိုလင် မာတီနက်ဇ်ကလပ်စ်က ပြောဆိုခဲ့ပါတယ်။

Credit : SBM

Leave a Comment

Your email address will not be published. Required fields are marked *